လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း မန်ချက်စတာစီးတီးပရိသတ်အချို့က လေမှုတ်ထားတဲ့ ငှက်ပျောသီးအရုပ်ကြီးတွေကို ကိုင်ဆောင်အားပေးခဲ့ကြတာကြောင့် စိတ်ဝင်စားစရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။

သာမန်ကြည့်ရင် ရယ်စရာနောက်ပြောင်မှုတစ်ခုလို့ ထင်ရပေမဲ့ ဒီအပြုအမူရဲ့ နောက်ကွယ်မှာ မန်စီးတီးအသင်းရဲ့ ခက်ခဲခဲ့တဲ့ အတိတ်ကာလနဲ့ ဆက်စပ်နေတဲ့ နှစ်ပေါင်း ၄၀ နီးပါး သမိုင်းကြောင်းတစ်ခု ရှိနေပါတယ်။

အထူးသဖြင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံထားရပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ရင်ဆိုင်ရနိုင်တဲ့အချိန်မှာ ပရိသတ်တွေက ဒီရိုးရာအပြုအမူကို ပြန်လည်အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

ငှက်ပျောသီးအရုပ်တွေရဲ့ အစပြုရာ ၁၉၈၇-၈၈ ဘောလုံးရာသီ

ဗြိတိန်သတင်းစာ The Mirror ရဲ့ ဖော်ပြချက်အရ မန်စီးတီးပရိသတ်တွေ ငှက်ပျောသီးအရုပ်တွေကို စတင်ကိုင်ဆောင်ခဲ့တာဟာ ၁၉၈၇-၈၈ ဘောလုံးရာသီအတွင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ မန်စီးတီးအသင်းဟာ အင်္ဂလန်ထိပ်တန်းလိဂ်ကနေ ဒုတိယတန်းကို တန်းဆင်းထားရပြီး အသင်းရဲ့ အခြေအနေဟာလည်း စိတ်ပျက်စရာကောင်းနေခဲ့ပါတယ်။

အသင်းရဲ့ ယခင်အိမ်ကွင်းဖြစ်တဲ့ Maine Road ကွင်းမှာ ပလိုင်းမောက် အာဂျိုင်းလ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်အတွင်း ဖရန့်ခ် နယူတန်ဆိုသူ ပရိသတ်တစ်ဦးက ငှက်ပျောသီးအတုတစ်ခုကို ပထမဆုံး ယူဆောင်လာခဲ့တယ်လို့ သတင်းဖော်ပြချက်တွေမှာ ဆိုထားပါတယ်။

ဒီအပြုအမူဟာ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း အင်မရီ ဗာရာဒီကို ဂုဏ်ပြုရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

ဗာရာဒီဟာ မန်စီးတီးအသင်းအတွက် ၈၁ ပွဲကစားပြီး ၃၁ ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး ပရိသတ်တစ်ဦးက သူ့ကို “Imre Banana” လို့ အမည်ပြောင်ပေးခဲ့ဖူးပါတယ်။

အဲဒီအမည်ပြောင်ကနေတစ်ဆင့် ငှက်ပျောသီးအရုပ်တွေကို ကိုင်ဆောင်ပြီး အသင်းကို အားပေးတဲ့ အစဉ်အလာတစ်ခု ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

အသင်းအခြေအနေဆိုးနေချိန်မှာ ဟာသနဲ့ စိတ်ဖြေခဲ့ကြတဲ့ ပရိသတ်တွေ

၁၉၈၀ ပြည့်လွန်နှစ်တွေမှာ မန်စီးတီးအသင်းဟာ အောင်မြင်မှုတွေနဲ့ ဝေးကွာနေခဲ့ပြီး ပရိသတ်တွေအတွက်လည်း စိတ်ပျက်စရာအချိန်တွေ များပြားခဲ့ပါတယ်။

ဒါကြောင့် ပရိသတ်တွေဟာ အသင်းရဲ့ ရလဒ်ဆိုးတွေကို ခဏမေ့ထားနိုင်ဖို့ ငှက်ပျောသီးအရုပ်တွေ ကိုင်ဆောင်ခြင်းနဲ့ ဟာသဆန်တဲ့ အားပေးမှုတွေကို အသုံးပြုလာခဲ့ကြပါတယ်။

အစပိုင်းမှာ ဗာရာဒီအတွက် သီချင်းတွေ သီဆိုအားပေးရာကနေ ငှက်ပျောသီးအရုပ်တွေပါ လူကြိုက်များလာခဲ့ပါတယ်။

အဲဒီနှစ် Boxing Day မှာ စတုတ်စီးတီးအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို သွားရောက်အားပေးခဲ့တဲ့ မန်စီးတီးပရိသတ် ၁၀,၀၀၀ ခန့်ဟာ ငှက်ပျောသီးအမျိုးမျိုးကို ယူဆောင်သွားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဒီလိုနဲ့ ငှက်ပျောသီးအရုပ်တွေဟာ မန်စီးတီးပရိသတ်တွေရဲ့ ထူးခြားတဲ့ အားပေးမှုသင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။

အင်္ဂလန်ဘောလုံးလောကရဲ့ မှောင်မိုက်ခဲ့တဲ့ ကာလနဲ့လည်း တိုက်ဆိုင်နေ

မန်စီးတီးပရိသတ်တွေရဲ့ ငှက်ပျောသီးအရုပ်အစဉ်အလာ စတင်ပေါ်ပေါက်လာခဲ့တဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေဟာ အင်္ဂလန်ဘောလုံးလောကအတွက်လည်း ခက်ခဲတဲ့ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်က အင်္ဂလန်ဘောလုံးကွင်းအများအပြားမှာ အခြေခံအဆောက်အအုံတွေ ယိုယွင်းနေခဲ့သလို ပရိသတ်အကြမ်းဖက်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေခဲ့ပါတယ်။

၁၉၈၅ ခုနှစ်မှာ လီဗာပူးလ်နဲ့ ဂျူဗင်တပ်စ်တို့ ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပချန်ပီယံဖလား ဗိုလ်လုပွဲအတွင်း ဟေးဆယ်ကွင်းဆိုးကြီး ဖြစ်ပွားခဲ့ပြီး လူ ၃၉ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီဖြစ်ရပ်နောက်ပိုင်း အင်္ဂလန်ကလပ်အသင်းတွေဟာ ဥရောပပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ယာယီပိတ်ပင်ခံခဲ့ရပါတယ်။

ဒီလိုအခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘောလုံးလောကမှာ မန်စီးတီးပရိသတ်တွေရဲ့ ငှက်ပျောသီးအရုပ်ကိုင်ဆောင်မှုဟာ စိတ်ညစ်စရာတွေကြားကနေ ပျော်ရွှင်မှုတစ်ခု ဖန်တီးဖို့ ကြိုးစားခဲ့တဲ့ အပြုအမူတစ်ခုအဖြစ်လည်း ဖော်ပြခံခဲ့ရပါတယ်။

ဘဏ္ဍာရေးပြစ်ဒဏ်အန္တရာယ်ကြားမှာ ရိုးရာအစဉ်အလာ ပြန်လည်ပေါ်ထွက်လာ

မန်စီးတီးပရိသတ်တွေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက အထူးအခါသမယတွေမှာ ငှက်ပျောသီးအရုပ်တွေကို ပြန်လည်ကိုင်ဆောင်လေ့ရှိကြပါတယ်။

လီဗာပူးလ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဒီအစဉ်အလာကို ထပ်မံမြင်တွေ့ခဲ့ရတာပါ။

သတင်းဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု စွဲချက် ၁၁၅ ခုအနက် ၁၁၄ ခုအတွက် အပြစ်ရှိကြောင်း လွတ်လပ်တဲ့ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် ခံခဲ့ရပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် မန်စီးတီးအသင်းဟာ ရရှိထားတဲ့ ဆုဖလားအချို့ ပြန်လည်ရုပ်သိမ်းခံရနိုင်ခြင်းနဲ့ အောက်တန်းလိဂ်ကို အတင်းအကျပ် တန်းဆင်းစေခြင်းအပါအဝင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မန်စီးတီးအသင်းဟာ အဆိုပါဆုံးဖြတ်ချက်ကို အယူခံဝင်ထားပြီးဖြစ်တာကြောင့် အပြီးသတ်ပြစ်ဒဏ်ကို မသတ်မှတ်ရသေးပါဘူး။

ဒီလို မရေရာတဲ့ အခြေအနေမှာ ပရိသတ်တွေက အသင်းရဲ့ ခက်ခဲခဲ့တဲ့ အတိတ်ကို ပြန်လည်သတိရစေတဲ့ ငှက်ပျောသီးအရုပ်တွေကို ကိုင်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အန်ဖီးလ်မှာ နှစ်ဖက်ပရိသတ်တွေကြား တင်းမာမှုမြင့်တက်

လီဗာပူးလ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်မှာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကိစ္စကြောင့် နှစ်ဖက်ပရိသတ်တွေအကြား တင်းမာမှုတွေလည်း ရှိခဲ့ပါတယ်။

မန်စီးတီးကစားသမားတွေ ကွင်းထဲဝင်ရောက်လာချိန်မှာ လီဗာပူးလ်ပရိသတ်တွေက ကျယ်လောင်စွာ လှောင်ပြောင်အော်ဟစ်ခဲ့ကြသလို ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေကို ရည်ညွှန်းထားတဲ့ စာတန်းတွေလည်း ပြသခဲ့ကြပါတယ်။

ကွင်းအပြင်ဘက်မှာလည်း နှစ်ဖက်ပရိသတ်တွေ အပြန်အလှန် စော်ကားပြောဆိုမှုတွေနဲ့ မသင့်လျော်တဲ့ အမူအရာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

မန်စီးတီးအသင်းရဲ့ ဘတ်စ်ကား ရောက်ရှိလာချိန်မှာတော့ လီဗာပူးလ်ပရိသတ်တွေက အသင်းရဲ့ ဘဏ္ဍာရေးပြဿနာကို ရည်ညွှန်းပြီး လှောင်ပြောင်ကြွေးကြော်ခဲ့ကြပါတယ်။

တန်းဆင်းရရင်တောင် အသင်းကို ဆက်အားပေးမယ်ဆိုတဲ့ နိုဝယ် ဂယ်လာဂါ

မန်စီးတီးအသင်းဟာ လွတ်လပ်တဲ့ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ထားတာကြောင့် နောက်ဆုံးပြစ်ဒဏ် ဘယ်အချိန်မှာ ထွက်ပေါ်လာမလဲဆိုတာ မသေချာသေးပါဘူး။

ဒါပေမဲ့ မန်စီးတီးပရိသတ်အများအပြားကတော့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အသင်းဘက်က ဆက်လက်ရပ်တည်ပေးဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။

နာမည်ကျော် Oasis ဂီတအဖွဲ့ရဲ့ ဂစ်တာသမားဖြစ်သလို မန်စီးတီးအမာခံပရိသတ်တစ်ဦးလည်းဖြစ်တဲ့ နိုဝယ် ဂယ်လာဂါက The Athletic နဲ့ တွေ့ဆုံရာမှာ အသင်းတန်းဆင်းရမယ့် အခြေအနေကိုတောင် စိုးရိမ်မနေကြောင်း ပြောကြားခဲ့ပါတယ်။

“တန်းဆင်းချင်လည်း ဆင်းပါစေ။ ဒီအသင်းနဲ့အတူ ခင်ဗျားတို့ စိတ်ကူးတောင်မယဉ်နိုင်တဲ့ တန်းဆင်းမှုတွေကို ကျွန်တော် ဖြတ်သန်းခဲ့ဖူးပြီးပါပြီ။ ဒီအသင်းက ယူဂန်ဒါမှာ ပရိသတ်မပါဘဲ ပွဲတစ်ထောင် ကစားရမယ်ဆိုရင်တောင် ကျွန်တော် အဲဒီမှာ ရှိနေမှာပါ” လို့ ဂယ်လာဂါက ပြောကြားခဲ့ပါတယ်။

မန်စီးတီးပရိသတ်တွေအတွက်တော့ ငှက်ပျောသီးအရုပ်တွေဟာ သာမန်ပျော်ရွှင်စရာ ပစ္စည်းတစ်ခုထက် ပိုပြီး အဓိပ္ပာယ်ရှိနေပါတယ်။

အသင်းအောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့တဲ့ ကာလတွေကနေ ယနေ့လို ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေအထိ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အသင်းကို ဆက်လက်အားပေးသွားမယ်ဆိုတဲ့ ပရိသတ်တွေရဲ့ သစ္စာရှိမှုကို ဖော်ပြနေတဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။