မန်ချက်စတာစီးတီးဂိုးသမား ဂျန်လူအီဂျီ ဒွန်နာရမ်မာရဲ့ အေးဂျင့် အန်ဇို ရိုင်အိုလာက အသင်းရဲ့ လက်ရှိဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာ ပြဿနာတွေဟာ ဒွန်နာရမ်မာရဲ့ အနာဂတ်အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ရိုင်အိုလာက မန်စီးတီးဘက်က ဒွန်နာရမ်မာနဲ့ တိုက်ရိုက်ဆွေးနွေးပြီး အာမခံချက်ပေးထားတာကြောင့် အားလုံးအေးအေးဆေးဆေးရှိနေကြောင်း ဆိုပါတယ်။

“မန်စီးတီးရဲ့ လက်ရှိအခြေအနေက တစ်ခုခု ပြောင်းလဲသွားစေနိုင်မလားဆိုရင် မပြောင်းလဲပါဘူး။ ကျွန်တော်တို့အတွက်ရော ဂျီဂျီယိုအတွက်ပါ ဘာမှပြောင်းလဲမှာမဟုတ်ပါဘူး။ အသင်းက သူနဲ့ စကားပြောထားပြီး အားလုံးအေးဆေးပါပဲ။ ဂျီဂျီယိုလည်း မန်စီးတီးဆီက အာမခံချက်တွေ ရရှိထားပါတယ်” လို့ ရိုင်အိုလာက ပြောပါတယ်။

မန်စီးတီးဟာ လက်ရှိမှာ လီဗာပူးလ်နဲ့ ပီအက်စ်ဂျီတို့ကို ရင်ဆိုင်ရမယ့် အရေးကြီးပွဲတွေရှိနေပြီး အားကစားဆိုင်ရာ တရားရေးလုပ်ငန်းစဉ်ကိုတော့ သက်ဆိုင်ရာဘက်က ဆက်လက်ကိုင်တွယ်သွားမယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဒွန်နာရမ်မာဟာ ကစားသမားဘဝတစ်လျှောက် မမျှတတဲ့ ဝေဖန်မှုတွေ အများကြီးခံခဲ့ရတယ်လို့လည်း ရိုင်အိုလာက ကာကွယ်ပြောဆိုခဲ့ပါတယ်။ အမှားတွေကို လူမှုကွန်ရက်ပေါ်မှာ အာရုံစိုက်မှုရဖို့အတွက် ပိုမိုချဲ့ကားဝေဖန်ခဲ့ကြတယ်လို့ သူက ယုံကြည်နေပါတယ်။

ဒွန်နာရမ်မာနဲ့ အာလင်း ဟာလန်းတို့ရဲ့ ဆက်ဆံရေးကိုလည်း ရိုင်အိုလာက ပြောပြခဲ့ပြီး နှစ်ဦးစလုံးဟာ စိတ်နေစိတ်ထားတူညီတဲ့ ကစားသမားတွေဖြစ်ကာ ကွင်းထဲမှာ တိုက်ပွဲဝင်စိတ်ပြင်းထန်သလို ကွင်းပြင်ပမှာလည်း စိတ်ထားကောင်းသူတွေဖြစ်တာကြောင့် အလွန်အဆင်ပြေကြတယ်လို့ ဆိုပါတယ်။

အီတလီအသင်းနဲ့ ပတ်သက်ပြီးတော့ ဒွန်နာရမ်မာရဲ့ အကြီးမားဆုံးရည်မှန်းချက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်ရဖို့ဖြစ်ကြောင်း ရိုင်အိုလာက ပြောပါတယ်။ လက်ရှိမှာ အသင်းခေါင်းဆောင်လက်ပတ်ကိုပါ ဝတ်ဆင်ထားရတဲ့ ဒွန်နာရမ်မာဟာ အီတလီလက်ရွေးစင်အသင်းအပေါ် အလွန်တန်ဖိုးထားသူဖြစ်ကြောင်းလည်း သူက ချီးကျူးခဲ့ပါတယ်။