ဒေါ့မွန်ဂန္ထဝင် ကီဗင် ဂရော့စ်ခရွိုက်ဇ်က ရှော်လ်ကေးဂိုးသမားဟောင်း ရာ့ဖ် ဖာမန်းရဲ့ စာအုပ်ထဲမှာ အသင်းအတွင်းဖြစ်ရပ်တွေကို ထုတ်ဖော်ရေးသားထားမှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် ဖာမန်းဟာ အောက်တိုဘာလလယ်မှာ ထုတ်ဝေမယ့် “Schalke and me – a love story” စာအုပ်ထဲမှာ ၂၀၂၁-၂၂ ရာသီက ရှော်လ်ကေးနည်းပြ ဒီမီထရီယော့စ် ဂရမ်မိုဇစ် အသင်းသားတွေကို ဒေါသတကြီး ဆူပူခဲ့တဲ့ အဝတ်လဲခန်းအတွင်း ဖြစ်ရပ်တစ်ခုကို ထုတ်ဖော်ရေးသားခဲ့ပါတယ်။

အဲဒီအချိန်က ဒူဆယ်ဒေါ့ဖ်ကို ၂-၁ နဲ့ ရှုံးနိမ့်ပြီးနောက် ပွဲသုံးသပ်မှုအတွင်း ဂရမ်မိုဇစ်က ဖာမန်းနဲ့ အသင်းဖော်တွေကို ကြမ်းတမ်းတဲ့ စကားလုံးတွေအသုံးပြုပြီး ဒေါသတကြီး ပြောဆိုခဲ့တယ်လို့ ဖာမန်းက ရေးသားထားတာပါ။

ဒါပေမယ့် ဂရော့စ်ခရွိုက်ဇ်ကတော့ နည်းပြ ဒါမှမဟုတ် အသင်းဖော်တွေရဲ့ အဝတ်လဲခန်းအတွင်း ပြောဆိုမှုတွေကို သဘောတူညီချက်မရှိဘဲ လူသိရှင်ကြား မပြောသင့်ဘူးလို့ ဆိုပါတယ်။

“အသင်းဖော်တွေအကြောင်း ကျွန်တော်လည်း အများကြီးသိပါတယ်။ ဘယ်သူက ဘာပြောခဲ့လဲ၊ ကိုယ့်ကို ယုံယုံကြည်ကြည်နဲ့ ဘာတွေပြောပြခဲ့လဲဆိုတာ ရှိပါတယ်။ ဒါပေမယ့် အဲဒါတွေက ကျွန်တော်နဲ့အတူပဲ ရှိနေမှာပါ။ အဝတ်လဲခန်းထဲက ကိစ္စတွေဟာ အဝတ်လဲခန်းထဲမှာပဲ ကျန်ခဲ့ရမယ်။ ဒါက ဂုဏ်သိက္ခာနဲ့ဆိုင်ပါတယ်” လို့ ဂရော့စ်ခရွိုက်ဇ်က ပြောပါတယ်။

နှစ်ဦးစလုံးဟာ ဒေါ့မွန်နဲ့ ရှော်လ်ကေးဆိုတဲ့ မဟာပြိုင်ဘက်နှစ်သင်းရဲ့ အထင်ကရကစားသမားတွေ ဖြစ်ခဲ့ကြပါတယ်။ ပရော်ဖက်ရှင်နယ်အဆင့်မှာ ခြောက်ကြိမ် ရင်ဆိုင်ခဲ့ကြပြီး အဲဒီထဲမှာ ရူဗီယာဒါဘီ သုံးပွဲ ပါဝင်ခဲ့ပါတယ်။ ဖာမန်းရဲ့ ရှော်လ်ကေးက နှစ်ပွဲနိုင်ခဲ့ပြီး ကျန်တစ်ပွဲက ဂိုးမရှိသရေကျခဲ့တာကြောင့် ဂရော့စ်ခရွိုက်ဇ်ဟာ ဖာမန်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ဒါဘီပွဲတွေမှာ တစ်ပွဲမှ အနိုင်မရခဲ့ပါဘူး။

ဖာမန်းကလည်း ရှော်လ်ကေးအပေါ် သူ့ရဲ့သံယောဇဉ်ကို စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားပြီး အသင်းနဲ့ ဝေးကွာဖို့ ကြိုးစားခဲ့ပေမယ့် မဖြစ်နိုင်ကြောင်း၊ ရှော်လ်ကေးပွဲတိုင်းကို ဆက်လက်ကြည့်ရှုနေပြီး အသင်းကို ချစ်နေဆဲဖြစ်ကြောင်း ပြောထားပါတယ်။