ရီးရဲလ်မက်ဒရစ်ဟာ ဂျူဗင်တပ်စ်ရဲ့ တူရကီကြယ်ပွင့် ကီနန် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေပြီး ယူရိုသန်း ၁၀၀ အထိ ပေးချေဖို့ အသင့်ရှိနေတယ်လို့ အီတလီသတင်းစာ Corriere dello Sport က ဖော်ပြထားပါတယ်။
အသက် ၂၁ နှစ်အရွယ် ယီလ်ဒစ်ဇ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကမှ ဂျူဗင်တပ်စ်နဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်အနေနဲ့ ဒီရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ထပ်မံလွဲချော်ခဲ့ရင် သူ့ကို ရောင်းချဖို့ စဉ်းစားလာနိုင်တယ်လို့ သတင်းက ဆိုပါတယ်။
ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့တာကြောင့် လက်ရှိရာသီမှာ ယူရိုပါလိဂ် ကစားနေရပါတယ်။ ယီလ်ဒစ်ဇ်ကို ရောင်းချရမယ်ဆိုရင်တော့ ယူရိုသန်း ၁၀၀ ဝန်းကျင် တောင်းဆိုဖို့ ရည်ရွယ်ထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဘက်ကလည်း ဂျူဗင်တပ်စ် ချန်ပီယံလိဂ်ဝင်ခွင့် ထပ်လွဲခဲ့ရင် အဆိုပါ ယူရိုသန်း ၁၀၀ တန်ကြေးကို ပေးချေပြီး ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အသင့်ရှိနေတယ်လို့ ဆိုပါတယ်။
ရီးရဲလ်တစ်သင်းတည်း စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူး။ အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်အပါအဝင် အခြားထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှုလည်း ရှိနေပါတယ်။ ဒါပေမယ့် အာဆင်နယ်က ယီလ်ဒစ်ဇ် ကစားတဲ့ ဘယ်တောင်ပံနေရာအတွက် ခရစ္စတို တီဇိုလစ်ကို ဒီနွေရာသီမှာ ခေါ်ယူထားပြီး ဘိုင်ယန်မြူးနစ်ကို ပြန်သွားနိုင်ခြေကလည်း လက်ရှိအချိန်မှာ နည်းပါးနေတယ်လို့ ဖော်ပြထားပါတယ်။
ယီလ်ဒစ်ဇ်ဟာ ဒီရာသီ စီးရီးအေ အဖွင့်ပွဲ ဖရိုစီနိုနီနဲ့ပွဲမှာ ခြေထောက်အရိုးကျိုးဒဏ်ရာ ရရှိခဲ့ပြီး အခုအချိန်အထိ အနားယူနေရဆဲ ဖြစ်ပါတယ်။ ရာသီပထမပိုင်းကုန်ခါနီးမှ ပြန်ကစားနိုင်ဖွယ်ရှိတာကြောင့် ရီးရဲလ်အပါအဝင် စိတ်ဝင်စားနေတဲ့အသင်းတွေဟာ ရာသီဒုတိယပိုင်း သူ့ရဲ့စွမ်းဆောင်ရည်ကို စောင့်ကြည့်သွားဖွယ်ရှိပါတယ်။
ပြီးခဲ့တဲ့ရာသီက ယီလ်ဒစ်ဇ်ဟာ စီးရီးအေ ၃၆ ပွဲမှာ ၁၀ ဂိုးသွင်းပြီး ၇ ဂိုးဖန်တီးပေးခဲ့ပါတယ်။ တူရကီလက်ရွေးစင်အတွက်လည်း ၃၁ ပွဲကစားကာ ၅ ဂိုး သွင်းယူထားပါတယ်။
