Bayern Munich နဲ့ Germany ကြယ်ပွင့်ဟောင်း Thomas Müller က ဒီနှစ် Ballon d’Or ဆုအတွက် သူသဘောအကျဆုံး ကစားသမားနှစ်ဦးကို ရွေးချယ်ခဲ့ရာမှာ ရေပန်းစားနေတဲ့ Harry Kane နဲ့ Lamine Yamal တို့ကို ချန်လှပ်ခဲ့ပါတယ်။

လက်ရှိ Vancouver Whitecaps မှာ ကစားနေတဲ့ အသက် ၃၇ နှစ်အရွယ် Müller က သူ့အတွက် အကောင်းဆုံးနှစ်ဦးဟာ Bayern Munich တောင်ပံကစားသမား Michael Olise နဲ့ Real Madrid တိုက်စစ်မှူး Kylian Mbappé တို့ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

“တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ ကျွန်တော့်ကို စိတ်လှုပ်ရှားစေဆုံး ကစားသမားနှစ်ဦးရှိပါတယ်။ Michael Olise နဲ့ World Cup မှာ သူနဲ့ အတွဲညီခဲ့တဲ့ Kylian Mbappé တို့ပါ။ သူတို့နှစ်ဦးစလုံးက ကြည့်ကောင်းတဲ့ကစားပုံနဲ့ ဂိုးသွင်းနိုင်စွမ်းကို ပေါင်းစပ်ထားနိုင်တယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်မှာ မှော်ဆန်မှုနည်းနည်းတော့ လိုပါတယ်” လို့ Müller က ဆိုပါတယ်။

ဒီရွေးချယ်မှုကတော့ အံ့အားသင့်စရာပါ။ Kane ဟာ 2025/26 ရာသီမှာ Bayern နဲ့ ပြည်တွင်း Double ရယူနိုင်ခဲ့သလို ကလပ်နဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်း ၇၃ ဂိုးအထိ သွင်းယူထားပါတယ်။ Yamal ကလည်း Barcelona နဲ့ La Liga ချန်ပီယံဖြစ်ခဲ့ပြီး Spain နဲ့ World Cup ဆုဖလားကို ရယူထားနိုင်ခဲ့ပါတယ်။

Olise က Kane နဲ့အတူ Bayern မှာ Double ရရှိခဲ့ပေမယ့် သွင်းဂိုးပိုင်းမှာ Kane ထက် နည်းပါးခဲ့ပါတယ်။ Mbappé ကတော့ ပြီးခဲ့တဲ့ရာသီ Real Madrid နဲ့ အဓိကဆုဖလားတစ်လုံးမှ မရရှိခဲ့ပါဘူး။ World Cup မှာလည်း Olise နဲ့ Mbappé တို့ရဲ့ France ဟာ နောက်ဆုံးချန်ပီယံ Spain ကို Semi-final မှာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် Müller အတွက်တော့ ဆုဖလားနဲ့ ကိန်းဂဏန်းတွေထက် Olise နဲ့ Mbappé တို့ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်နဲ့ “မှော်ဆန်မှု” က Ballon d’Or ဆုအတွက် ပိုမိုထိုက်တန်စေခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် Ballon d’Or ဆုပေးပွဲကို အောက်တိုဘာ ၂၆ ရက်မှာ London Palladium Theatre မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။