ပေါ်တူဂီလက်ရွေးစင်နည်းပြဟောင်း Nelo Vingada က Cristiano Ronaldo နဲ့ နည်းပြ Jorge Jesus တို့ကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာမှာ နှစ်ဖက်စလုံးမှာ တာဝန်ရှိကြောင်း သုံးသပ်ခဲ့ပြီး Ronaldo ဟာ အသင်းခေါင်းဆောင်ဖြစ်ပေမယ့် အထူးအခွင့်အရေးပေး ဆက်ဆံသင့်တဲ့သူ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

Ronaldo ဟာ Norway နဲ့ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့တဲ့နောက် မကျေနပ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး Denmark နဲ့ Nations League ပွဲမတိုင်မီ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပေါ်တူဂီအသင်းစခန်းကနေ ထွက်ခွာခဲ့တာပါ။

သတင်းအရ Jesus ဟာ Ronaldo ကို Norway နဲ့ပွဲမှာ မိနစ် ၂၅ မှ ၃၀ ခန့် ကစားခွင့်ပေးမယ်လို့ ပြောထားခဲ့ပြီး ဒုတိယပိုင်းမှာ မိနစ် ၃၀ ခန့် Warm-up လုပ်ခိုင်းခဲ့ပေမယ့် နောက်ဆုံးမှာ လူစားဝင်ကစားခွင့် မပေးခဲ့ပါဘူး။

Vingada ကတော့ ဒီလိုကတိမျိုးကို ပွဲမတိုင်ခင် ပေးထားတာ မသင့်တော်ကြောင်း ပြောသလို Ronaldo ဘက်ကလည်း ဒေါသတကြီး တုံ့ပြန်ခဲ့တာကြောင့် ပြဿနာပိုကြီးသွားခဲ့တယ်လို့ သုံးသပ်ပါတယ်။

“Ronaldo ဟာ ကစားသမားတစ်ယောက်နဲ့ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ပိုကြီးပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ တခြားကစားသမားတွေလိုပဲ ဆက်ဆံရမှာပါ။ သူ့ရဲ့အဆင့်အတန်းနဲ့ ပေါ်တူဂီအတွက် လုပ်ပေးခဲ့တာတွေကြောင့် ဆက်ဆံရေးပုံစံ အနည်းငယ်ကွဲပြားနိုင်ပေမယ့် အထူးအခွင့်အရေးပေးတာမျိုးတော့ မဟုတ်ပါဘူး” လို့ Vingada က ဆိုပါတယ်။

အသက်အရွယ်ကြောင့် Ronaldo ရဲ့ ကစားပုံဟာ အရင်ကနဲ့ မတူတော့ဘဲ အတွေ့အကြုံပိုများလာသလို အမြန်နှုန်းလည်း လျော့နည်းလာတာကြောင့် သူ့ဆီက အကောင်းဆုံးစွမ်းဆောင်ရည်ကို ဘယ်လိုအသုံးချမလဲဆိုတာ အရေးကြီးကြောင်းလည်း Vingada က ပြောပါတယ်။

ဒါ့အပြင် Ronaldo ရဲ့ အခြေအနေကို အီဂျစ်အသင်းမှာ နည်းပြ Hossam Hassan နဲ့ အဆင်မပြေမှုသတင်းတွေ ထွက်ပေါ်နေတဲ့ Mohamed Salah ရဲ့ အခြေအနေနဲ့လည်း နှိုင်းယှဉ်ခဲ့ပါတယ်။

“ဒီအခြေအနေနှစ်ခုကြား ကြီးမားတဲ့ကွာခြားချက် မမြင်ပါဘူး။ ကျွန်တော်တို့မှာ ထိပ်တန်းကစားသမားနှစ်ဦးရှိပြီး ဆင်တူတဲ့အခြေအနေတွေကို ရင်ဆိုင်နေရပါတယ်” လို့ Vingada က ပြောခဲ့ပါတယ်။

Lionel Messi နဲ့ နှိုင်းယှဉ်ရာမှာတော့ Messi ရဲ့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ Social Media ပေါ်မှာ လှုပ်ရှားမှုနည်းပါးခြင်းတို့က အလားတူပြဿနာတွေကို ရှောင်ရှားနိုင်စေခဲ့တယ်လို့ Vingada က သုံးသပ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Ronaldo နဲ့ Jesus တို့အနေနဲ့ ဖြစ်စဉ်အစပိုင်းကတည်းက နှစ်ဦးတည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြရင် ဒီလောက်ကြီးမားတဲ့ ပြဿနာအဖြစ် ရောက်လာမှာမဟုတ်ဘူးလို့ Vingada က ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။