Arsenal မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ Viktor Gyokeres ဟာ ဆွီဒင်လက်ရွေးစင်အသင်းနဲ့ ခြေစွမ်းပြပြီး UEFA Nations League သမိုင်းမှာ စံချိန်သစ်တစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ Bosnia & Herzegovina နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ဆွီဒင်အတွက် အဖွင့်ဂိုး သွင်းယူခဲ့ပြီး Nations League ပွဲစဉ် ၆ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ သမိုင်းတစ်လျှောက် ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
Gyokeres ရဲ့ ဂိုးသွင်းစံချိန်ဟာ 2024 နိုဝင်ဘာက Azerbaijan ကို တစ်ပွဲတည်း ၄ ဂိုးသွင်းခဲ့ချိန်က စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်း Estonia၊ Slovakia၊ Romania နဲ့ Poland တို့ကို ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာလည်း ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။

လက်ရွေးစင်မှာ ဂိုးတွေ ဆက်တိုက်ရနေပေမယ့် Arsenal မှာတော့ Mikel Arteta လက်အောက် ပုံမှန်ပွဲထွက်ခွင့် မရသေးဘဲ Kai Havertz နဲ့ နေရာပြိုင်ဆိုင်နေရပါတယ်။
ဒါပေမယ့် Gyokeres က Arsenal ကနေ ထွက်ခွာဖို့ မစဉ်းစားခဲ့ကြောင်း ပြောထားပါတယ်။
“ကျွန်တော့်အတွက်တော့ Arsenal မှာ ဆက်နေဖို့က သေချာပြီးသားပါ။ ဒီအသင်းမှာ အရမ်းပျော်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့တော့ တတ်နိုင်သလောက် ပွဲများများကစားချင်တာ သေချာပါတယ်” လို့ ဆိုပါတယ်။
လက်ရှိမှာ Havertz က ဂျာမနီလက်ရွေးစင်တာဝန်ထမ်းဆောင်ရင်း ကြွက်သားဒဏ်ရာရထားတာကြောင့် Arsenal ရဲ့ လာမယ့် Leeds နဲ့ပွဲမှာ Gyokeres ပွဲထွက်ခွင့်ရနိုင်မယ့် အခွင့်အရေးလည်း ပေါ်ပေါက်လာပါတယ်။
