Real Madrid ဟာ Jose Mourinho ရဲ့ ဒုတိယမြောက်နည်းပြခေတ်အစမှာ မျှော်လင့်ထားသလို ရလဒ်ကောင်းတွေ မရသေးပေမယ့် အသင်းကို အချိန်ပေးဖို့လိုအပ်ကြောင်း နွေရာသီမှာ Chelsea ကနေ ယူရို ၅၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ Marc Cucurella က ပြောကြားခဲ့ပါတယ်။
Real Madrid ဟာ La Liga အဖွင့် ၇ ပွဲအတွင်း Real Betis နဲ့ မြို့ခံပြိုင်ဘက် Atletico Madrid တို့ကို ရှုံးနိမ့်ထားပြီး လက်ရှိမှာ Barcelona နောက် ၆ မှတ်အကွာ ရောက်ရှိနေပါတယ်။
Cucurella ကိုယ်တိုင်လည်း Real Madrid မှာ အကောင်းဆုံးခြေစွမ်းရဖို့ ရုန်းကန်နေရပြီး Madrid Derby မှာ သူ့ရဲ့ ဘယ်ခြမ်းခံစစ်ပိုင်းက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် စပိန်လက်ရွေးစင်မှာတော့ ခြေစွမ်းကောင်းပြနေပြီး England နဲ့ Croatia တို့ကို အနိုင်ရခဲ့တဲ့ Nations League ပွဲတွေမှာ အထင်ကြီးစရာ ကစားနိုင်ခဲ့ပါတယ်။

Real Madrid ရဲ့ လက်ရှိအခြေအနေအပေါ် Cucurella က—
“အရာအားလုံးက လုပ်ငန်းစဉ်တစ်ခုပါ။ စပိန်လက်ရွေးစင်မှာတော့ နည်းပြနဲ့အတူ အခြေခံစနစ်တွေကို နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့ပြီးပါပြီ။ Madrid မှာတော့ နည်းပြသစ်နဲ့ အခုမှစတင်တာဖြစ်လို့ အကဲဖြတ်ဖို့ စောလွန်းပါသေးတယ်။ တချို့ကစားသမားတွေဆို ရာသီကြိုပြင်ဆင်ချိန် တစ်ပတ်လောက်ပဲ ရခဲ့ပါတယ်” လို့ ပြောပါတယ်။
“ရာသီအစက ကျွန်တော်တို့အားလုံး မျှော်လင့်ထားသလို မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အချိန်ယူရမှာဖြစ်ပြီး ရာသီကုန်ချိန်မှာ ဘယ်အခြေအနေ ရောက်နေမလဲဆိုတာ ကြည့်ရမှာပါ” လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။
Cucurella က Real Madrid အတွက် ၁၀ ပွဲတောင် မပြည့်သေးတာကြောင့် အသင်းဖော်အသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်လိုအပ်နေသေးကြောင်း ဝန်ခံခဲ့ပြီး စပိန်လက်ရွေးစင်မှာ ပြသနေတဲ့ ခြေစွမ်းမျိုးကို Real Madrid မှာပါ ပြသနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
