Real Madrid ဟာ Bayer Leverkusen မှာ ခြေစွမ်းတောက်ပနေတဲ့ အင်္ဂလန်နောက်ခံလူ Jarell Quansah ကို လာမယ့်နွေရာသီ အပြောင်းအရွှေ့အတွက် အဓိကပစ်မှတ်တစ်ဦးအဖြစ် စောင့်ကြည့်နေတယ်လို့ သတင်းထွက်လာပါတယ်။
BILD ရဲ့ ဖော်ပြချက်အရ Real Madrid ဟာ အသက် ၂၃ နှစ်အရွယ် Quansah ရဲ့ Bundesliga ခြေစွမ်းကို အထူးသဘောကျနေပြီး ကင်းထောက်တွေ စေလွှတ်ကာ အနီးကပ်စောင့်ကြည့်နေပါတယ်။ Madrid ဟာ လာမယ့်နွေရာသီမှာ အနည်းဆုံး နောက်ခံလူ ၂ ဦး ခေါ်ယူဖို့ စီစဉ်ထားပြီး Quansah ရဲ့ အမြန်နှုန်း၊ ဘောလုံးဖြတ်တောက်နိုင်မှုနဲ့ နောက်တန်းကနေ ဘောလုံးဖြန့်ဝေနိုင်မှုတွေကို သဘောကျနေတယ်လို့ ဆိုပါတယ်။
Quansah ဟာ 2025 U21 European Championship မှာ အင်္ဂလန် ချန်ပီယံဖြစ်အောင် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီးနောက် Liverpool ကနေ Leverkusen ကို ကလပ်စံချိန်တင် ယူရို ၃၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။

ဂျာမနီရောက်ပြီးနောက်မှာလည်း ပုံမှန်ခြေစွမ်းပြနေပြီး Centre-back အပြင် Right-back နေရာမှာပါ ကစားနိုင်တဲ့ စွယ်စုံရနောက်ခံလူတစ်ဦး ဖြစ်လာပါတယ်။ အင်္ဂလန်အသင်းဖော် Jude Bellingham နဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိနေတာက Real Madrid အတွက် အားသာချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် Quansah ရဲ့ အနာဂတ်အတွက် Liverpool က အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခု ချရနိုင်ပါတယ်။ Liverpool ဟာ သူ့ကို Leverkusen ထံ ရောင်းချစဉ်က ယူရို သန်း ၇၀ တန် Buy-back Clause ထည့်သွင်းထားပြီး 2027 ဇွန် ၁၅ ရက်အထိ အဲဒီအခွင့်အရေးကို အသုံးပြုနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
Quansah ရဲ့ ခြေစွမ်းတိုးတက်လာမှုနဲ့အတူ Real Madrid ရဲ့ စိတ်ဝင်စားမှုပါ မြင့်တက်လာတာကြောင့် Liverpool က ယူရို သန်း ၇၀ နဲ့ ပြန်ခေါ်မလား၊ တခြားဥရောပထိပ်တန်းအသင်းတွေဆီ ရောက်ရှိသွားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
