Juventus ဟာ Cremonese ကို အငှားချထားတဲ့ လူငယ်တိုက်စစ်ကစားသမား Adin Licina ကို အသင်းရဲ့ အနာဂတ်အစီအစဉ်ထဲမှာ ဆက်လက်ထည့်သွင်းထားပြီး ခြေစွမ်းကောင်းပြနိုင်ခဲ့ရင် လာမယ့် ဇန်နဝါရီမှာတောင် Turin ကို ပြန်လည်ခေါ်ယူနိုင်ခြေရှိတယ်လို့ သတင်းထွက်နေပါတယ်။
2007 မွေး ဂျာမန်လူငယ်ကစားသမား Licina ဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း Luciano Spalletti ရဲ့ Juventus ပထမအသင်းနဲ့ အချိန်အတော်ကြာ လေ့ကျင့်ခဲ့ပေမယ့် ပုံမှန်ပွဲကစားခွင့်ရရှိစေဖို့ Cremonese ကို အငှားချခဲ့တာ ဖြစ်ပါတယ်။
အခုတော့ နိုင်ငံတကာပွဲစဉ်ကာလအတွင်း Juventus နဲ့ Cremonese တို့ Continassa မှာ ခြေစမ်းပွဲကစားကြမှာဖြစ်ပြီး Licina ဟာ အသင်းဟောင်းကို ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်ရမှာပါ။ Tuttosport ရဲ့ ဖော်ပြချက်အရ Spalletti ကလည်း သူ့ရဲ့ တိုးတက်မှုကို အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

ဘယ်ခြေသန် Licina ဟာ Playmaker နဲ့ တောင်ပံကစားသမားအဖြစ် ကစားနိုင်ပြီး ညာတောင်ပံကနေ စတင်ကစားရတာကို နှစ်သက်သူပါ။ Juventus Next Gen နဲ့ Serie C မှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ဒီရာသီမှာ Serie B ကလပ် Cremonese ဆီ အပြီးသတ်ခေါ်ယူခွင့်မပါတဲ့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
Cremonese ရောက်ပြီးနောက်လည်း Licina က အထင်ကြီးစရာ စတင်နိုင်ခဲ့ပြီး Serie B နဲ့ Coppa Italia စုစုပေါင်း ၄ ပွဲမှာ ၂ ဂိုး၊ ၁ ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ သူ့ရဲ့ နည်းစနစ်ပိုင်းကောင်းမွန်တဲ့ ကစားပုံတွေကြောင့် ပရိသတ်တွေသာမက ကင်းထောက်တွေရဲ့ အာရုံစိုက်မှုကိုပါ ရရှိနေပါတယ်။
Licina ကို တခြားကလပ်အသင်းအများအပြားကလည်း စောင့်ကြည့်နေကြပေမယ့် Juventus ဘက်ကတော့ သူ့ကို ရောင်းချပြီး ငွေရှာမယ့် ကစားသမားတစ်ဦးအဖြစ် လက်ရှိမှာ မမြင်ထားဘူးလို့ သတင်းက ဆိုပါတယ်။
Juventus က Licina ကို Bayern Munich ကနေ ခေါ်ယူခဲ့စဉ်ကလည်း အနာဂတ်အပြောင်းအရွှေ့နဲ့ သက်ဆိုင်တဲ့ သဘောတူညီချက်အချို့ ထည့်သွင်းထားပါတယ်။ မူရင်းသတင်းအရ Bayern ဟာ Licina ကို အနာဂတ်မှာ ရောင်းချခဲ့ရင် ဦးစားပေးအခွင့်အရေး သို့မဟုတ် ပြန်လည်ရောင်းချကြေးရဲ့ ၃၀ ရာခိုင်နှုန်း ရရှိမယ့် အချက်တစ်ခု ရှိနေပါတယ်။
Juventus ရဲ့ လက်ရှိအစီအစဉ်အရတော့ Licina ကို ဆက်လက်ထိန်းသိမ်းလိုပြီး Cremonese မှာ ခြေစွမ်းတောက်ပလာခဲ့ရင် ဇန်နဝါရီ Transfer Window ကတည်းက Turin ကို ပြန်ခေါ်လာနိုင်ခြေကိုပါ ပယ်ချလို့မရသေးပါဘူး။
