Barcelona တိုက်စစ်ကစားသမား Dani Olmo ဟာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် Bayern Munich ရဲ့ ကမ်းလှမ်းမှုကို နှစ်ကြိမ်တိုင် ငြင်းပယ်ခဲ့ကြောင်း Agent ဖြစ်သူ Andy Bara က ဖွင့်ဟခဲ့ပါတယ်။

ပထမဆုံးအကြိမ်က Olmo ဟာ Dinamo Zagreb မှာ ကစားနေစဉ်ဖြစ်ပြီး 2020 ဇန်နဝါရီမှာ RB Leipzig ကို ယူရို သန်း ၂၀ နဲ့ မပြောင်းရွှေ့မီ Bayern က ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမယ့် Bara က Olmo ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် Bayern ကို ချက်ချင်းပြောင်းရွှေ့တာထက် နောက်ထပ်အဆင့်တစ်ခု ဖြတ်သန်းသင့်တယ်လို့ အကြံပေးခဲ့ပါတယ်။

“Dinamo မှာရှိတုန်းက ကျွန်တော့်ရဲ့ အကြံပေးမှုကြောင့် သူ Bayern ကို ငြင်းခဲ့တာပါ။ ‘မင်းအနေနဲ့ နောက်ထပ်အဆင့်တစ်ခု ဖြတ်သန်းဖို့လိုတယ်’ လို့ ကျွန်တော် ပြောခဲ့ပြီး အဲဒီအတိုင်း ဖြစ်လာခဲ့ပါတယ်” လို့ Bara က ပြောပါတယ်။

Bayern ဟာ 2024 နွေရာသီမှာ Leipzig ကစားသမားဖြစ်နေပြီဖြစ်တဲ့ Olmo ကို ဒုတိယအကြိမ် ပြန်လည်ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန်မှာ Barcelona အပါအဝင် တခြားဥရောပထိပ်တန်းကလပ်တွေကလည်း စိတ်ဝင်စားခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ Olmo ဟာ Bayern ထက် သူ့ရဲ့အသင်းဟောင်း Barcelona ကို ရွေးချယ်ခဲ့ပြီး စုစုပေါင်း ယူရို ၆၂ သန်းခန့် တန်ကြေးရှိတဲ့ အပြောင်းအရွှေ့နဲ့ Camp Nou ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

“ကျွန်တော်တို့ Barcelona ကို ရွေးချယ်ခဲ့ပါတယ်။ အစပိုင်းမှာ အကောင်းဆုံးရွေးချယ်မှု ဟုတ်မဟုတ် သံသယရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရာအားလုံး သူ့အတွက် အဆင်ပြေသွားခဲ့ပါတယ်။ သူ့ရဲ့ဇာတ်လမ်းက ရုပ်ရှင်တစ်ကားလိုပါပဲ” လို့ Bara က ဆိုပါတယ်။