Manchester City နည်းပြဟောင်း Pep Guardiola ဟာ Premier League ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုဆိုင်ရာ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် အသင်းဘက်က ရပ်တည်ထောက်ခံခဲ့တာကြောင့် The Times သတင်းစာဆောင်းပါးရှင် Matthew Syed ရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။

Independent Commission ရဲ့ ဆုံးဖြတ်ချက်အရ Man City ဟာ 2009-10 ကနေ 2017-18 အထိ ကိုးရာသီအတွင်း Premier League ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ သက်ဆိုင်တဲ့ ချိုးဖောက်မှုတွေမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရပြီး စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်မှုနဲ့ သက်ဆိုင်တဲ့ စွဲချက် ၄ ခုအနက် ၃ ခုမှာလည်း အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရတယ်လို့ မူရင်းသတင်းက ဖော်ပြထားပါတယ်။

အဲဒီကာလထဲက နှစ်ရာသီဟာ Guardiola ရဲ့ Man City နည်းပြဘဝနဲ့ တိုက်ဆိုင်နေပြီး သူ့ရဲ့ ပထမဆုံး Premier League ချန်ပီယံဆု ရရှိခဲ့တဲ့ရာသီလည်း ပါဝင်ပါတယ်။

ဒီအခြေအနေအပေါ် The Times မှ Matthew Syed က Guardiola ရဲ့ Man City အောင်မြင်မှုအမွေအနှစ်ဟာ ထိခိုက်သွားပြီလို့ သူ့အမြင်ကို ဖော်ပြခဲ့ပါတယ်။

Syed က Man City ရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုတွေကို Guardiola သိရှိခဲ့သလား၊ မသိခဲ့ဘူးဆိုရင် ဒီအခြေအနေတွေကို ဘာကြောင့် သတိမပြုမိခဲ့တာလဲဆိုပြီး မေးခွန်းထုတ်ခဲ့သလို “တတိယဖြစ်နိုင်ခြေကတော့ ဟန်ဆောင်မှုဖြစ်တယ်” လို့လည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် Guardiola ဟာ နည်းဗျူဟာပိုင်းမှာ ထူးချွန်ပြီး ကလပ်အသင်းအများအပြားနဲ့ အောင်မြင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ကြောင်း Syed က အသိအမှတ်ပြုခဲ့ပေမယ့် Man City မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေအပေါ်တော့ “တကယ့်မှော်ဆန်မှုကို ဖန်တီးခဲ့တာ နည်းပြမဟုတ်ဘဲ စာရင်းကိုင်တွေပါ” ဆိုပြီး ထိုးနှက်ဝေဖန်ခဲ့ပါတယ်။

Guardiola ကတော့ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် Man City နဲ့ ပရိသတ်တွေဘက်မှာ ဆက်လက်ရပ်တည်သွားမယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားပါတယ်။

“Manchester City ပရိသတ်တိုင်းကို ကျွန်တော် အခုအချိန်မှာ အရင်ကထက်ပိုပြီး ဒီမှာရှိနေတယ်ဆိုတာ သိစေချင်ပါတယ်။ ကျွန်တော့်ကလပ်၊ ပိုင်ရှင်၊ ဥက္ကဋ္ဌ၊ Ferran၊ ကစားသမားတွေ၊ နည်းပြအဖွဲ့၊ Enzo နဲ့ ပရိသတ်တွေရဲ့နောက်မှာ ကျွန်တော် အမြဲရှိခဲ့သလို အခုလည်းရှိပြီး အနာဂတ်မှာလည်း ရှိနေမှာပါ။ ဒီအခြေအနေကို ကျွန်တော်တို့ အတူတူကျော်ဖြတ်သွားမယ်” လို့ Guardiola က ပြောခဲ့ပါတယ်။

Guardiola ဟာ Man City မှာ ကိုးရာသီကြာ တာဝန်ယူခဲ့ပြီး Premier League ချန်ပီယံ ၆ ကြိမ်နဲ့ Champions League ချန်ပီယံဆုအပါအဝင် အောင်မြင်မှုများစွာ ရရှိခဲ့သူဖြစ်ပါတယ်။