မြန်မာ Esports လောကအတွက် ဂုဏ်ယူစရာ သမိုင်းဝင်အခိုက်အတန့်တစ်ခု ပေါ်ပေါက်လာခဲ့ပါပြီ။
အောက်တိုဘာ ၁ ရက်နေ့က ဂျပန်နိုင်ငံ Aichi Sky Hall မှာ ကျင်းပခဲ့တဲ့ 2026 Asian Games Mobile Legends: Bang Bang (MLBB) ဗိုလ်လုပွဲမှာ မြန်မာအသင်းက Indonesia ကို Best-of-7 Series အတွင်း 4-0 နဲ့ ပွဲပြတ်အနိုင်ယူပြီး ရွှေတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
မြန်မာအသင်းဟာ ပထမပွဲကတည်းက ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး Turtle နဲ့ Lord အပါအဝင် အရေးပါတဲ့ Neutral Objectives တွေကို ရယူကာ အသာစီးရခဲ့ပါတယ်။
ဒုတိယနဲ့ တတိယပွဲတွေမှာ Indonesia က ပွဲအစပိုင်း အသာစီးရယူပြီး ပြန်လည်ဖိအားပေးနိုင်ခဲ့ပေမယ့် မြန်မာအသင်းက Team Fight တွေမှာ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့သလို Lord တွေကိုပါ ရယူပြီး ပွဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

စတုတ္ထပွဲမှာတော့ မြန်မာအသင်းက အသာစီးကို လုံးဝလက်မလွှတ်ဘဲ ၁၄ မိနစ်ဝန်းကျင်မှာ ပွဲသိမ်းနိုင်ခဲ့ပြီး Series တစ်ခုလုံးကို 4-0 နဲ့ အဆုံးသတ်ခဲ့ပါတယ်။
ဗိုလ်လုပွဲမတိုင်မီ ခရီးစဉ်မှာ မြန်မာအသင်းက Cambodia ကို 2-1 နဲ့ အနိုင်ယူခဲ့ပြီး Semifinal မှာ Malaysia ကို 2-0 နဲ့ ကျော်ဖြတ်ခဲ့ပါတယ်။ Indonesia ကတော့ Quarterfinal မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားခဲ့တဲ့ Philippines ကို 2-1 နဲ့ အနိုင်ယူကာ Semifinal မှာ Mongolia ကို 2-0 နဲ့ အနိုင်ရခဲ့ပါတယ်။
ဒါပေမယ့် Grand Final ရောက်လာချိန်မှာတော့ မြန်မာအသင်းက အကောင်းဆုံးပုံစံပြသပြီး Indonesia ကို တစ်ပွဲမှ မပေးရဘဲ 4-0 နဲ့ အနိုင်ယူကာ MLBB ပြိုင်ပွဲရဲ့ Asian Games ရွှေတံဆိပ်ကို သိမ်းပိုက်နိုင်ခဲ့တာပါ။
မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ပြီး နိုင်ငံတကာစင်မြင့်ပေါ်မှာ အောင်မြင်မှုရယူပေးခဲ့တဲ့ ကစားသမားတွေနဲ့ အသင်းတာဝန်ရှိသူအားလုံးကို ဂုဏ်ပြုပါတယ်။ 🏆
