2026-27 Serie A ရာသီအစ ၅ ပွဲကနေ ၄ မှတ်သာ ရရှိထားတဲ့ Parma ဟာ နည်းပြ Carlos Cuesta နဲ့ လမ်းခွဲခဲ့ပေမယ့် အသင်းရဲ့ လက်ရှိကိန်းဂဏန်းတွေအရ တန်းဆင်းအန္တရာယ်က လျော့ကျမသွားဘဲ ပိုမိုစိုးရိမ်စရာ ဖြစ်လာနေပါတယ်။
Parma ဟာ စက်တင်ဘာ ၂၇ ရက်မှာ Cuesta နဲ့ လမ်းခွဲကြောင်း အတည်ပြုခဲ့ပါတယ်။ Mikel Arteta ရဲ့ Arsenal လက်ထောက်နည်းပြဟောင်းဖြစ်တဲ့ Cuesta ဟာ 2025 ဇွန်လကတည်းက Parma ကို ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီမှာ အသင်းကို Serie A အဆင့် ၁၃ နေရာအထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။
စိတ်ဝင်စားစရာကတော့ Genoa ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီးမှာပဲ Cuesta ကို ထုတ်ပယ်ခဲ့တာပါ။ ကလပ်ဘက်ကတော့ အသင်းရဲ့ “အားကစားစီမံကိန်း တိုးတက်မှု” ဟာ မျှော်မှန်းထားသလောက် မြန်ဆန်မှုမရှိဘူးလို့ ယူဆခဲ့ပါတယ်။
Cuesta အနေနဲ့တော့ အသင်းရဲ့ Transfer လုပ်ဆောင်မှုတွေကို ထောက်ပြစရာရှိပါတယ်။ ရာသီအစမှာ Zion Suzuki၊ Alessandro Circati နဲ့ Mateo Pellegrino တို့ ထွက်ခွာခဲ့ပြီး Parma က ပိုမိုငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ အစားထိုးခဲ့ပါတယ်။ လက်ရှိအသင်းရဲ့ ပျမ်းမျှအသက်ဟာ ၂၄ နှစ်သာရှိပြီး Serie A မှာ တတိယအသက်အငယ်ဆုံးအသင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ Parma ဟာ တိုက်စစ်အားနည်းခဲ့ပေမယ့် Cuesta ရဲ့ ခံစစ်ပိုင်းစီမံမှုကြောင့် တန်းဆင်းဇုန်ကနေ ကောင်းကောင်းရှောင်နိုင်ခဲ့ပါတယ်။ ၃၈ ပွဲမှာ ၂၈ ဂိုးသာ သွင်းနိုင်ခဲ့ပြီး goal difference က -18 ဖြစ်ခဲ့ပေမယ့် ပွဲတစ်ပွဲ မိနစ် ၉၀ ပျမ်းမျှ ပေးဂိုး 1.2 သာရှိကာ Serie A မှာ အဆင့် ၉ နေရာ ရှိခဲ့ပါတယ်။ဒီရာသီမှာတော့ အခြေအနေပြောင်းလဲလာပါတယ်။ Parma ဟာ ပထမ ၅ ပွဲစလုံး Clean Sheet မရသေးပါဘူး။ ပြီးခဲ့တဲ့ရာသီမှာ Clean Sheet ၁၃ ပွဲအထိ ရရှိခဲ့တာကြောင့် တိုက်စစ်ဂိုးနည်းမှုကို ခံစစ်နဲ့ ဖြည့်ဆည်းနိုင်ခဲ့ပေမယ့် အခုရာသီမှာတော့ အဲဒီနည်းလမ်းက ထိရောက်မှု လျော့ကျလာပါတယ်။
တိုက်စစ်ကလည်း စိုးရိမ်စရာပါ။ ၅ ပွဲမှာ ၄ ဂိုးသာ သွင်းထားပြီး Big Chances ၈ ကြိမ်သာ ဖန်တီးနိုင်ခဲ့ပါတယ်။ xG (Expected Goals) က 3.4 သာရှိတာကြောင့် လက်ရှိ ၄ ဂိုးသွင်းထားခြင်းဟာ မျှော်မှန်းဂိုးထက်တောင် အနည်းငယ်ပိုကောင်းနေတဲ့ အခြေအနေပါ။ ပြီးခဲ့တဲ့ရာသီမှာလည်း ၃၈ ပွဲအတွက် xG 32 သာရှိခဲ့ပြီး Serie A ရဲ့ ဒုတိယအနိမ့်ဆုံး ဖြစ်ခဲ့ပါတယ်။

Parma ဟာ မိနစ် ၉၀ အတွင်း တိကျတဲ့ Pass ပျမ်းမျှ ၃၀၈ ကြိမ်သာ ပြုလုပ်နိုင်ပြီး Serie A မှာ စတုတ္ထအနိမ့်ဆုံး ဖြစ်ပါတယ်။ ပြိုင်ဘက် Penalty Box အတွင်း ဘောလုံးထိတွေ့မှုကလည်း ၉၂ ကြိမ်နဲ့ စတုတ္ထအနိမ့်ဆုံးမှာ ရှိနေပါတယ်။
ခံစစ်ပိုင်းမှာတော့ xGA (Expected Goals Against) 7.9 နဲ့ Serie A အဆင့် ၁၃ မှာ ရှိပြီး မိနစ် ၉၀ ပျမ်းမျှ Interception 9.8 ကြိမ်နဲ့ ပဉ္စမအများဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် Tackles ကတော့ တစ်ပွဲပျမ်းမျှ 11.8 ကြိမ်သာရှိပြီး လိဂ်မှာ အနိမ့်ဆုံး ဖြစ်နေပါတယ်။
Parma ဟာ Genoa နဲ့ Pisa နည်းပြဟောင်း Alberto Gilardino ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရှိနေပါတယ်။ Gilardino ဟာ Genoa မှာ နိုင်ပွဲရာခိုင်နှုန်း 40.51% ရရှိခဲ့ပေမယ့် Pisa ကို ကိုင်တွယ်စဉ် ၂၅ ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။
Parma ရဲ့ ရှေ့လာမယ့် ပွဲစဉ်တွေကလည်း မလွယ်ကူပါဘူး။ နောက်ထပ် Serie A ၇ ပွဲအနက် ၄ ပွဲဟာ Top Four ရည်မှန်းချက်ရှိတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ပထမဆုံးအနေနဲ့ လက်ရှိချန်ပီယံ Inter ကို အဝေးကွင်းမှာ သွားရောက်ကစားရပါမယ်။ အဲဒီနောက် Torino၊ Udinese တို့ကို အိမ်ကွင်းမှာ လက်ခံကစားရပြီး Lazio နဲ့ Atalanta တို့ကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Hans Nicolussi Caviglia မကြာခင် ပြန်ကစားနိုင်ဖို့ရှိတာကတော့ Parma အတွက် အားတက်စရာတစ်ခု ဖြစ်ပါတယ်။
Parma တန်းဆင်းမယ်လို့ အခုကတည်းက သေချာပြောလို့မရသေးပေမယ့် ၅ ပွဲမှာ ၄ ဂိုးသာ သွင်းထားခြင်း၊ Clean Sheet တစ်ပွဲမှ မရသေးခြင်းနဲ့ ရှေ့ဆက်ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ပွဲစဉ်တွေကြောင့် တန်းဆင်းအန္တရာယ်ရှိတဲ့ အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံနေရပါတယ်။ မူရင်းသုံးသပ်ချက်အရ Parma တန်းဆင်းနိုင်ခြေကို implied probability 42.19% အဖြစ် တွက်ချက်ထားပါတယ်။
