Manchester City ဟာ Premier League ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဆုံးဖြတ်ခဲ့ပြီးနောက် Premier League ဘက်ရဲ့ တရားရေးကုန်ကျစရိတ်အတွက် ပေါင်သန်း ၅၀ နီးပါး ပေးဆောင်ရနိုင်ကြောင်း The Guardian က ဖော်ပြထားပါတယ်။

Premier League ရဲ့ ထုတ်ပြန်ချက်အရ City ဟာ ၉ နှစ်တာကာလအတွင်း ဝင်ငွေ ပေါင်သန်း ၉၀၀ ခန့်ကို အမှန်တကယ်ထက် ပိုမိုမြင့်မားအောင် ဖော်ပြခဲ့တယ်လို့ ကော်မရှင်က ဆုံးဖြတ်ခဲ့ပါတယ်။ အသုံးစရိတ်စည်းမျဉ်းတွေနဲ့ ကိုက်ညီစေဖို့ ဝင်ငွေတိုးမြှင့်ပြသနိုင်မယ့် “sham” contracts တွေ စီစဉ်ခဲ့တယ်လို့လည်း ကော်မရှင်က ကောက်ချက်ချခဲ့ပါတယ်။

ရှစ်နှစ်ကြာမြင့်လာပြီဖြစ်တဲ့ ဒီအမှုအတွင်း နှစ်ဖက်ပေါင်း တရားရေးကုန်ကျစရိတ်ဟာ ပေါင်သန်း ၁၀၀ ကျော်အထိ ရှိနိုင်တယ်လို့ ဥပဒေပညာရှင်အချို့က ခန့်မှန်းထားပါတယ်။ Premier League ဘက်ရဲ့ ကုန်ကျစရိတ်တင် ပေါင်သန်း ၇၀ ကျော် ရှိနိုင်ပြီး အမှုအနိုင်ရတဲ့ဘက်ဟာ အရှုံးဘက်ဆီကနေ တရားရေးစရိတ်ရဲ့ ၇၀ ရာခိုင်နှုန်းခန့် ပြန်လည်ရရှိလေ့ရှိတာကြောင့် City က ပေါင်သန်း ၅၀ နီးပါး ပေးဆောင်ရနိုင်တယ်လို့ သုံးသပ်ထားတာ ဖြစ်ပါတယ်။

စာမျက်နှာ ၄၀ ပါ ဆုံးဖြတ်ချက်မှာ ကော်မရှင်က Premier League ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ပြင်းထန်စွာ ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွဲချက်အားလုံးမှာ City ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သလို လိဂ်ရဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်မှုဆိုင်ရာ စွဲချက်အများစုမှာလည်း အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမယ့် Manchester City ကတော့ အမှားအယွင်းပြုလုပ်ထားခြင်း မရှိကြောင်း ဆက်လက်ငြင်းဆိုထားပြီး “ငြင်းပယ်လို့မရတဲ့ ခိုင်မာတဲ့သက်သေအထောက်အထားတွေ အပြည့်အစုံရှိတယ်” လို့ ထုတ်ပြန်ထားပါတယ်။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်မှာ ဥပဒေ၊ မူဝါဒနဲ့ အချက်အလက်ပိုင်းဆိုင်ရာ အရေးကြီးတဲ့ အမှားတွေရှိတယ်လို့လည်း City က ဆိုထားပြီး အယူခံဝင်သွားဖို့ ရည်ရွယ်ထားပါတယ်။

City CEO Ferran Soriano ကလည်း ကလပ်ဝန်ထမ်းတွေဆီ ပေးပို့ခဲ့တဲ့ သုံးမိနစ်ကြာ ဗီဒီယိုမှာ ဒီဆုံးဖြတ်ချက်ကို “Premier League conspiracy theory” လို့ ဖော်ပြခဲ့ပါတယ်။

City က အမှန်တကယ် ပေးဆောင်ရမယ့် တရားရေးစရိတ်ပမာဏကိုတော့ လုပ်ငန်းစဉ်တစ်ခုလုံး ပြီးဆုံးချိန်မှာ ကော်မရှင်က ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိဖော်ပြနေတဲ့ ပေါင်သန်း ၅၀ဟာ အတည်ပြုပြီးသား ပမာဏမဟုတ်သေးဘဲ ခန့်မှန်းထားတဲ့ ပမာဏသာ ဖြစ်ပါတယ်။